ဒေါ်အောင်ဆန်းစုကြည်-ကျွန်တော့်အတွက် သက်ရှိဘုရား
ခေါင်းစဉ်ကြည့်ပြီး လွန်ပြန်ရောလို့ ထင်မလား။ ဗုဒ္ဓဆိုတာလည်း လူသားတယောက် ဒေါ်စု လည်းလူသားတယောက်၊ ဒါကြောင့် လော့ဂျစ်သဘောအရ တူတယ်လို့ ပြောလို့ရပါတယ်။ တကယ့်မှာတော့ လော့ဂျစ်သဘောတရားထက်ပိုပါတယ်။ ဗုဒ္ဓရဲ့ လမ်းစဉ်ကို လိုက်နာကျင့်ကြံနေတဲ့ သူတယောက်ဟာ ဗုဒ္ဓနဲ့ တူတယ်လို့ ပြောရင်လွန်တယ်မထင်ပါဘူး။ ဘယ်လောက်တကယ် လက်တွေ့ကျင့်သုံးနေထိုင်နိုင်လဲ ဆိုတာတော့ အရေးကြီးတယ် ထင်ပါတယ်။
သူမ ဟာ ကျွန်တော်လက်လှမ်းမီသလောက် ကာလတလျှောက် ပြောဆိုခဲ့ ကျင့်ကြံနေထိုင်ခဲ့တဲ့ အရာတွေမှန်သမျှ ဗုဒ္ဓရဲ့လမ်းစဉ် ကို တတ်နိုင်သလောက်ကျင့်သုံးနေထိုင်ခဲ့ရတာ တွေ့ခဲ့ရပါတယ်။ လောဘ၊ ဒေါသ နည်းတယ်။ အလယ်အလတ်လမ်းစဉ် ကျင့်ကြံတယ် အကြမ်းမဖက်ဘူး တည်ကြည်ရဲရင့်တယ် စတဲ့ လမ်းစဉ်တွေကို တစိုက်မတ်မတ် ကျင့်ကြံနေထိုင်ခဲ့တယ်။ အသက်အန္တရာယ် နဲ့ လောကစည်းစိမ်ချမ်းသာ တွေနဲ့ ခြိမ်းခြောက်တလှည့် မြူဆွယ်တဖုံ ကြုံခဲ့ရတာတောင် အတတ်နိုင်ဆုံး အကောင်းဆုံး မယိုင်မလဲ ဖြတ်သန်းခဲ့တယ် ဖြတ်သန်းနေတယ်။
မေတ္တာတရား၊ ကရုဏာတရား စတဲ့ ဗြဟ္မစိုရ်တရား တွေနဲ့အညီ ပြောဆိုကျင့်ကြံနေထိုင်ပုံလည်းရှိတယ်။ သူမရဲ့ အပြုအမူတွေက ဟန်ဆောင်ထားမထား သူမရဲ့ ပြောဆိုခဲ့တဲ့ စကားတွေက အမြဲရှေ့နောက်ညီနေခဲ့တာ ကြည့်ခြင်းအားဖြင့် သိနိုင်တယ်။ သူမချစ်မြတ်နိုးတဲ့ သူမရဲ့ နိုင်ငံသားတွေအပေါ် အမြဲတမ်း ရှိခြင်းမရှိခြင်း နည်းအဖုံဖုံနဲ့ စောင့်ရှောက်ပေးနေတယ်။
စကားလက်စသတ်ရရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က ပေါ်ထွန်းခဲ့တဲ့ ဗုဒ္ဓဟာ သူမွေးဖွားရာက သူပရိနိဗ္ဗာန်ပြုချိန်ထိ လောက ကို အကျိုးပြုခဲ့တယ်။ သူ မရှိတော့တဲ့ နောက်ပိုင်းလည်း သူ့လမ်းစဉ်တွေကို လိုက်တာကျင့်ကြံခြင်းအားဖြင့် လောက ကိုဆက်လက်အကျိုးပြုနေဆံဖြစ်တယ်။ ဒီအချက်အပေါ်မူတည်ပြီး ဒေါ်စု ဟာ ကျွန်တော့်တကိုယ်ရည် အမြင်အရာတော့ သက်ရှိဘုရား ဖြစ်တယ်လို့ ဆိုလိုချင်တာဖြစ်ပါတယ်။ နောင်တချိန် သူမ မရှိတော့ တဲ့အချိန်မှာလည်း သူမ ရဲ့ ဘဝနေထိုင်နည်းလမ်းတွေ အပြောအဆို တွေဟာ လိုက်နာကျင့်ကြံစရာ စံထားစရာ ဖြစ်နေအုံးမှာပါ။
ဆေ့ချ်
၂၀၂၅ခုနစ်၊ဇွန်လ ၈ ရက်
(ခေတ္တ) ဖလော်ရီဒါပြည်နယ်၊ အမေရိကန်နိုင်ငံ