ကျန်းမာစွာ နေထိုင်ရေး
ဒီနေ့ အဒေါ်တယောက်ရဲ့ ကျန်းမာရေးသတင်း ကိုကြားပြီး အတွေးတစဝင်လာပါတယ်။ ကျွန်တော်တို့နေ့စဉ် စားသောက်နေထိုင်မှု တွေမှာ ဘယ်လောက်ကျန်းမာစွာ ပြုမူနေထိုင်နေပါသလဲ။ မနက်အိပ်ယာနိုး ချိန်က စ ညအိပ်ယာပြန်ဝင်ချိန်ထိ ကိုယ်စားနေတဲ့အရာ သောက်နေတဲ့အရာ ပြုမူနေတဲ့အပြုအမူ လှုပ်ရှားမှုတိုင်းမှာ ကျန်းမာရေးနှင့်ညီညွတ်အောင် ဘယ်လောက်ထိကျင့်ကြံနေထိုင် နေပါသလဲ။
မမြဲခြင်းခန္ဓာ ကိုရရှိထားတာဖြစ်တဲ့အတွက် ပျက်စီးခြင်းကတော့ ရှောင်လွှဲလို့ မရနိုင်ပါဘူး။ သိုပေမယ့် ဒီလိုမရနိုင်တာအတွက်နဲ့ဘဲ လက်လွတ်စပယ် ထားလိုက်ဖို့ မသင့်ဘူးဆိုတာကို စာရေးသူအနေနဲ့ လက်ခံပါတယ်။ ဥပမာအားဖြင့် ကိုယ်စားတဲ့အစာထဲမှာ လုံလောက်တဲ့ အမျှင်ဓာတ်ပါရဲ့လား ထိုအမျှင်ဓာတ်အနည်းအများက အူလမ်းကြောင်းနဲ့အစာခြေစနစ် အစာဟောင်းစွန့်ထုတ်ခြင်းအခြေအနေ စတဲ့ အရာတွေအပေါ် သက်ရောက်မှု အများကြီးရှိပါတယ်။ နောက်တခုက အစာအိမ် အူလမ်းကြောင်းဆိုတာကို လူတယောက်ရဲ့ ဒုတိယဦးနှောဏ်လို့ ဆိုကြပါတယ်။ ဘာလို့လဲဆိုတော့ ဦးနှောဏ်ကလည်း လူ့ခန္ဓာကိုယ်ထဲကဟော်မုန်းတွေရဲ့ လွှမ်းမိုးမှုကို ခံပြီး သူရဲ့လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်ပါတယ်။ ထိုနည်းတူ အစာအိမ်နှင့်အူလမ်းကြောင်းကလည်း ဟော်မုန်းနဲ့ အာရုံကြောစနစ်စေ့ဆော်မှုတွေနဲ့ သူရဲ့ အလုပ်ကိုလုပ်ကိုင်ပါတယ်။ ရှေးလူကြီးများရဲ့ အဆိုအမိန့် ဝမ်းတလုံးကောင်းခေါင်းမခဲ ဆိုတဲ့ စကားအရလည်း ဦးနှောဏ်နဲ့ အစာခြေစနစ်ဟာ ဆက်စပ်မှုရှိနေပြန်ပါတယ်။ ဒီနေရာမှာ ဟော်မုန်းနဲ့ အာရုံခံစားမှုစနစ်တွေပါလာပါတယ်။ အဲတာတွေက လူရဲ့ စိတ်ခံစားချက် အခြေအနေနဲ့ ဆက်စပ်နေပြန်ပါတယ်။ ဒီဆက်စပ်မှုရှိကြောင်းကို စိတ် အခြေအနေ တခုခု ထိခိုက်နေတဲ့ သူတွေမှာ အစာစားခြင်းပုံစံပြောင်းလဲမှုရှိတာနဲ့လည်း ချိန်ထိုးကြည့်နိုင်ပါတယ်။
အထက်ပါအရာတွေ ကြည့်မယ်ဆိုရင် အစာခြေစနစ် ကောင်းမွန်ကျန်းမာနေဖို့ ရုပ်ဝတ္ထုပိုင်းအနေနဲ့ စားသောက်တဲ့ အစားအစာ နဲ့ စိတ်ပိုင်းဆိုင်ရာ မျှချေ ရှိမှု တွေသက်ရောက်မှုရှိတာ ငြင်းလို့မရနိုင်ပါဘူး။ အစပိုင်းမှာ စာရေးသူဆွေးနွေးခဲ့သလို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေထိုင်ခြင်းဆိုတာ ဒီမျှချေတွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ထိန်းကြောင်းပြီးနေသွားဖို့ ဆိုလိုရင်းပါ။ လူတွေမှာ ပေးထားတဲ့ အရင်းအမြစ်ရယူနိုင်စွမ်းမတူပါဘူး ငွေကြေးအားဖြင့်လည်းကောင်း အလုပ်အကိုင် နေထိုင်မှုပတ်ဝန်းကျင် စတဲ့ လူမှု စီးပွားအချက်အလက်တွေကလည်း မတူနိုင်ပါဘူး။ ကိုယ် မှာ ရှိတဲ့ ပေးထားချက်ထဲကနေ စားသောက်တဲ့အစားအစာ ညီညွှတ်မျှတဖို့နဲ့ စိတ်အခြေအနေ မျှတနိုင်ဖို့ ကြိုးစားဖို့ အရေးကြီးပါတယ်။ စီမံခန့်ခွဲပေးနေတဲ့ တာဝန်ရှိသူများကလည်း ထိုမျှချေများ ထိန်းသိမ်းနိုင်ဖို့ လိုအပ်တဲ့ ကဏ္ဍအသီးသီးကို တာဝန်ယူပံ့ပိုးပေးဖို့လိုအပ်ပါကြောင်း။
ဆေ့ချ်
၂၀၂၅ခုနစ်၊ဇွန်လ ၂၁ရက်